အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Monday 28 July 2008

စိတ်ကိုပြုပြင်ခြင်း

တော၌မွေး၍ တောသွေးပါသော တောသူတောသားသည် မြို့ကြီးပြကြီးသူတို့၏ ၀တ်ပုံ၊ စားပုံ၊နေပုံကို အလုံးစုံ အတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေးကိုပါ လိုက်စားပြီးပြုပြင်လိုက်က မကြာခင်ရုပ်တမျိုးပြောင်းကာ ၁နှစ် ၂နှစ်လောက်ကြာလျှင်ရှေးကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်း ပြောင်းလာ နိုင်၏။ဤသို့ အပြောင်းအလဲ နှေးသဖြင့် အပြင်ခက်သော ရုပ်အဆင်းသည်ပင် ပြင်တက်သူ ပြင်ချင်၍ ပြင်ဆင်နေလိုက်က တစ်မျိုးတစ်ဖုံ ပြောင်းနိုင်သေး၏။ အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သော စိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်မတရားစိတ်တို့ကို နှိမ်နှင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူဖြစ်ကာ ၂နှစ် ၃နှစ်လောက် ကြာသောအခါ ကိုယ့် စိတ်ကိုပင် ကြည်ညိုချင်လာအောင် စိတ်ကောင်း ဖြစ်လာပါလိမ့်မည်။
(ကောင်းမှုမြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ကိုယ်စေသတည်း.....)
စိတ်ကိုပြုပြင်သင့်သော အကြောင်းများ
မိမိ၏စိတ်နေစိတ်ထားကို ကောင်းအောင်ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။ မိမိစိတ်ထားမကောင်းသေးသော အချက်၊ ယုတ်မာနေသောအချက်များကို မိမိကိုသာအသိဆုံးဖြစ်၏။
ထိုကဲ့သို့စိတ်ယုတ်မာ ရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့်အောက်တန်းအစားပင်ဖြစ်သေး၏။ ဂုဏ်ကြီးရှင်ဖြစ်သော်လည်း စိတ်နေစိတ်ထား အောက်တန်းစားဖြစ်နေသောကြောင့် နောက်နောင်ဘ၀တို့၌ အောက်ကျနောက်ကျဖြစ်ရတော့မည်။
ထိုကဲ့သို့ တန်းလှော့ရမည့်အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထားကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။

No comments: