အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Thursday 31 July 2008

ယုတ်ညံ့သောတရားများ


၁။ ကောဓ =အမျက်ထွက်ခြင်း၊
၂။ ဥပနာဟ =ရန်ငြိုးဖွဲ့ခြင်း၊
၃။ မက္ခ =သူ့ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ၊
၎။ ပဋာသ =အပြိုင်ပြုခြင်း၊

၅။ က္ကဿာ =သူတပါးချမ်းသာသည်ကိုမနာလို မရှုစိမ့်ခြင်း၊
၆။ မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြော ၀န်တိုခြင်း၊ ကပ်စေးနှဲခြင်း၊
ရ။ မာယာ = မိမိအပြစ်ကို ဖုံးကွယ် ထားခြင်း၊
၈။ သာဌေယျ = မရှိသောဂုဏ်ကို ရှိလေဟန်ဆောင်ခြင်း။ တို့ဖြစ်ပါသည်

အကောင်းမြင်မှ အမြင်ကောင်းမယ်အစောင်းမြင်ရင် အမြင်စောင်းမယ်

ဆင်ခြင်မှုအပ္ပမာဒနဲ့ ပြည့်စုံဖို့အတွက်
ယောနိသော မနသိကာရုဆိုတဲ
အကောင်းမြင်စိတ်ထားရှိဖို့
အထူးလိုအပ်ပါတယ်။
အရာရာကို အကောင်းဘက်ကနေ
ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတက်မှသာ
အကုသိုလ်တရားခေါင်းပါးပြီး
ကုသိုလ်တရားတိုးပွားနိုင်ပါတယ်။
ထစ်ခနဲရှိအဆိုးမြင်၊
ထစ်ခနဲရှိ အဆိုးထင်နေလို့ကတော့
ဘယ်လောက်ကောင်းတဲ့ အာရုံနဲ့ပဲကြုံကြုံ၊
ကောင်းကွတ်ကို မတွေ့ဘဲ
ဆိုးကွက်တွေချည်းပဲ တွေ့နေပါလိမ့်မယ်.။
(အရှင်ဆန္ဒာဓိက)

Tuesday 29 July 2008

စိတ်သွားတိုင်းကိုယ်မပါကြနှင့်

ပါပသမိံ ရမတိ မနော ( မနော-သတ္တါတို့၏စိတ်သည် ၊ပါပသမိံ- မကောင်းမှု၌၊
ရမတိ - မွေ့လျော်၏။) ဟူသည့် ဘုရားရှင် မိန့်ဆိုခဲ့တဲ့အတိုင်း စိတ်သည်
မကောင်းမှု အာရုံတို့၌ မွေ့လျော်တတ်ပေရာ စိတ်သွားတိုင်း ကိုယ်ပါနေခဲ့သော်
ခန်ဓာကိုယ်မှာလည်း နားရတော့မည်ပင် မဟုတ်ပါ။ မကောင်းသော အကုသိုလ်
အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။
စိတ်သည် လက်တစ်ဖျစ်အတွင်း၌ ကုဋေတစ်သိန်း ဖြစ်-ပျက်ရာ လက်တစ်ဖျစ်
တိုင်း လက်တစ်ဖျစ်တိုင်းမှာ အကုသိုလ်စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား?
ကုသိုလ်စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား? စဉ်းစားသင့်၏။ ဒိဋ္ဌိနှင့်ယှဉ်သော
အကုသိုလ်စိတ် လက်တစ်ဖျစ် ဖြစ်မိတိုင်း ငရဲမီးသည်လည်း ငရဲ၌ ထိုမျှမကပင်
အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက်လည်း သမ္မာဒိဋ္ဌိနှင့်ယှဉ်သည့်
ဝိပဿနာဥာဏ်ဖြစ်လျှင်တော့ မွှေးပြီးသား ငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဥာဏ်
ဖိုလ်ဥာဏ်သို့လည်း တဖြည်းဖြည်း နီးနေလေ၏။
ထို့ကြောင့် (လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့ ပညာရှိ
သည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။) ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံရပေမည်။
လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ်ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ (ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း
သေပြီးလျှင် အပါယ်သို့ ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ် သေရဦး
မည် ဖြစ်သောကြောင့် ရှင်လျက် သေသောသူနှင့်သာ တူပေ၏။)ဟူ၍ ဘုရားရှင်က
သမာဝတီမိဖုရားနှင့်မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟော ကြားတော်မူခဲ့လေ၏။
ထိုကြောင့် ရခဲလှတဲ့ လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလို သို့မလိုက်ဘဲ သီလကို ဆောက်တည်၊ သမထကို အားထုတ် ၊ ပညာကို ပွားများရင်း
မသေရာမြတ်နိဗ်ဗာန်ကိုရအောင် ကြိုးစားအားထုတ်ကြပါကုန်။
ဖိုရမ်မှ ညီအစ်ကိုအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားအားထုတ်
နိုင်ကြပါစေ။

Monday 28 July 2008

ဓမ္မဒူတဆရာတော်ကြီး၏တပည့်ဓမ္မဒူတ အရှင်ဆေကိန္န


စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ၊
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင်ကြည်တဲ့စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။

သူများ ပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိန်တယ်

စိတ်ကောင်းစိတ်ဆိုးရောနှောနေပုံ

စိတ်တို့သည် အလွန်အဖြစ်အပျက် မြန်သောကြောင့် ၅မိနစ် လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး(ကုသိုလ် အကုသိုလ်စိတ်ရောနှောလျက်ဖြစ်တက်သည်။နံနက်စောစောအိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ်ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏။
ဘုရားအာရုံပြုနေစဉ် မခံချင်စဖွယ်ပြော လာသဖြင့်ဒေါသစိတ် ဖြစ်ရ၏
ရောင်းမှု၊ ၀ယ်မှုလောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (လှူမည် တန်းမည်ဟု ကြံမိသည့်အခါ)
သဒ္ဓါစိတ် (ကုသိုလ်)စိတ်ဖြစ်၏။ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို
သတိရ၍ သတိစိတ်(ကုသိုလ်စိတ်) ဖြစ်ပြန်၏။တဏှာပေပလောဘစိတ်ဖြင့် သမီးခင်ပွန်း စကားပြောနေစဉ်
စကားပြောမတည့်၍ ဒေါသစိတ်ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်အောင်ချော့လိုက်သဖြင့် လောဘစိတ် ဖြစ်ပြန်၏။ဤသို့ စသည်ဖြင့် စိတ်တို့၏ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်းဖြစ်တိုင်း
မိမိစိတ်ကို "စိတ်ကောင်းလား၊ စိတ်ဆိုးလား"ဟုခွဲခြား၍ သိအောင်သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်းများများဖြစ်အောင် ပြုပြင်ကြပါကုန်။
ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ
လူတို့မှာ တစ်ယောက်နဲ့တစ်ယောက်ရုပ်ချင်း မတူညီကြသကဲ့သို့ ထို့အတူ စိတ်ချင်းလည်း မတူကြချေ။ထုံထိုင်းသော ရုပ် သွက်လက်သောရုပ်ကွဲပြားသကဲ့သို့ ထုံထိုင်းရိုးအသောစိတ် သွက်သွက်လက်လက် ထက်မြက်သောစိတ် ဟုလည်း ကွဲပြားလျှက်ရှိ၏။ ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက် အသွက်ဘက်မှာ အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်းအောင် လှသူ၊ သွက်လက်သူများလည်းရှိ၏
ထိုအတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက်ဆက်တန်းတက် ကာ ပြိုင်ဘက်ကင်းလောက်အောင် စိတ်ကောင်းသူ၊ ထက်မြက်သူများရှိကြ၍ စိတ်ထိုင်းဘက်၌လည်း ဆက်ဆက်ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်းမှိုင်းသူများလည်း ရှိကြလေသည်။

စိတ်ကိုပြုပြင်ခြင်း

တော၌မွေး၍ တောသွေးပါသော တောသူတောသားသည် မြို့ကြီးပြကြီးသူတို့၏ ၀တ်ပုံ၊ စားပုံ၊နေပုံကို အလုံးစုံ အတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေးကိုပါ လိုက်စားပြီးပြုပြင်လိုက်က မကြာခင်ရုပ်တမျိုးပြောင်းကာ ၁နှစ် ၂နှစ်လောက်ကြာလျှင်ရှေးကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်း ပြောင်းလာ နိုင်၏။ဤသို့ အပြောင်းအလဲ နှေးသဖြင့် အပြင်ခက်သော ရုပ်အဆင်းသည်ပင် ပြင်တက်သူ ပြင်ချင်၍ ပြင်ဆင်နေလိုက်က တစ်မျိုးတစ်ဖုံ ပြောင်းနိုင်သေး၏။ အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သော စိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်မတရားစိတ်တို့ကို နှိမ်နှင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူဖြစ်ကာ ၂နှစ် ၃နှစ်လောက် ကြာသောအခါ ကိုယ့် စိတ်ကိုပင် ကြည်ညိုချင်လာအောင် စိတ်ကောင်း ဖြစ်လာပါလိမ့်မည်။
(ကောင်းမှုမြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ကိုယ်စေသတည်း.....)
စိတ်ကိုပြုပြင်သင့်သော အကြောင်းများ
မိမိ၏စိတ်နေစိတ်ထားကို ကောင်းအောင်ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။ မိမိစိတ်ထားမကောင်းသေးသော အချက်၊ ယုတ်မာနေသောအချက်များကို မိမိကိုသာအသိဆုံးဖြစ်၏။
ထိုကဲ့သို့စိတ်ယုတ်မာ ရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့်အောက်တန်းအစားပင်ဖြစ်သေး၏။ ဂုဏ်ကြီးရှင်ဖြစ်သော်လည်း စိတ်နေစိတ်ထား အောက်တန်းစားဖြစ်နေသောကြောင့် နောက်နောင်ဘ၀တို့၌ အောက်ကျနောက်ကျဖြစ်ရတော့မည်။
ထိုကဲ့သို့ တန်းလှော့ရမည့်အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထားကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။

Sunday 27 July 2008

မှတ်သားဖွယ် ဆောင်ပုဒ်

လက်ရှိခန္ဓာ ၊ မတွယ်တာနှင့် ၊ နောင်လာဘ၀ ၊ မတောင့်တဘဲ ၊ ကြောင့်ကြစွဲဖြင့် ၊
အမြဲမပြတ် ၊ ၀ိပဿနာ ၊ လေ့လာကြိမ်ဖန် ၊အာစိဏ္ဏကံ ၊
ဖြစ်ကြောင်းမှန်မူ ၊ ထိုသည့်သူကား ၊ အယူမလွဲ ၊ကတိမြဲ၏ ။
မီးလောင်စွဲမှ ၊ ရေကိုတ သော် ၊ မရဖြစ်အင် ၊ ပုံနှိုင်းယှဉ်၍ ၊
မဂ္ဂင်သန္ဓေ ၊ တည်မြဲနေအောင် ၊ မသေခင်က ၊ ပြင်ဆင်တောက်လျှောက် ၊
မေ့မပျောက်နှင့် ၊ ချွေးပေါက်ယိုစီး ၊ သေခါနီးဝယ် ၊ အပြီးမုချ ၊ မဂ္ဂင်ရလိမ့် ၊
ကိစ္စမလျော် ၊ အကြောင်းပေါ်၍ ၊ မတော်တဆ ၊ မဂ်မရဦး ၊ ဘ၀အမွန် ၊
တမလွန်တွင် ၊ ထူးချွန်အံ့လောက် ၊ နတ်ပြည်ရောက်၍ ၊ မဖောက်မပြန် ၊
သောတာပန်စစ် ၊ ဧကန်ဖြစ်မည် ၊ မလစ် ၀ိပဿနာ အကျိုးပေတည်း ။

မိုးကုတ်ဆရာတော် ဘုရားကြီးရေးထားတဲ့ တရားဆောင်ပုဒ်လေးပါ..ဆောင်ပုဒ်လေးကို သေချာဖတ်ပြီး လေးလေးနက်နက် တွေးတောဆင်ခြင်နိုင်ကြပါစေဗျာ……..

Saturday 26 July 2008

ဆားတောင်ဆရာတော်ကြီး၏သြ၀ါဒ

@လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
@ပြောတိုင်းမရ ဒေါမထနှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
@ကြံတိုင်မမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တရှိမည်နည်း။
@ဆင်းရဲကြုံမူ မညီးညူနှင့် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
@ပျက်စီးတိုင်းလျှင် မပူပင်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
@အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။
@အရာရာမျိုး စိတ်မဆိုးနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
@သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
@ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။

(ဆားတောင်ဆရာတော်ကြီး)

Friday 25 July 2008

ဒေါသထိန်းနည်း

ဒေါသဖြစ်လာပြီ စိတ်တိုလာပြီဆိုရင် ။စိတ်တိုတယ် စိတ်တိုတယ်လို့ စိတ်တိုတဲ့သဘောလေးတွေကို စူးစိုက်ပြီးတော့ ရှုရမယ်။ ဒေါသဖြစ်နေတဲ့ အာရုံကိုမကြည့်ရဘူး ဒီလူငါ့ကိုဒီလိုပြောတယ်။ ဒီလူငါ့ကိုဒီလိုလုပ်တယ်။ တစ်ဖက်သားရဲ့
အပြောအဆို ၊အပြုအမူလုပ်ရပ်တွေကိုပဲ ကြည့်နေမယ်ဆိုရင်တွေးလေ တွေးလေဒေါသဖြစ်လေပဲပေါ့။တစ်ဖက်သားရဲ့ အဖြစ်အပျက်၊ဒေါသဖြစ်စရာအကြောင်းအရာကို
မကြည့်ဘဲ နဲ့ကိုယ့်မှာဖြစ်နေတဲ့ဒေါသစိတ်ရဲ့ သဘာဝလေးကိုပဲစူးစိုက်ပြီးတော့ စိတ်တိုတယ်၊
စိတ်တိုတယ်လို့ ရူမှတ်ရမယ်။ ဒေါသရဲ့ သဘာဝကိုလက်ပေါ်တင်ကြည့်သလို တိုက်ရိုက်မြင်တွေ့သွားပြီ ဆိုရင်ဒေါသရဲ့ ဖြစ်ပျက်သဘောတွေလဲ မြင်လာမယ်။ဒေါသလဲကင်းပျောက် ချုပ်ငြိမ်းသွားမယ်……….

(အရှင်ဆန္ဒဓိက)

Thursday 24 July 2008

ဝီရိယအကြောင်း


အားထုတ်ခြင်းသဘောကိုဝီ၇ိယဟုလူအများနားလည်ကြမည်ထင်ပါသည်။ထိုအားထုတ်ခြင်းဟူသောအရာကိုသေချာစဉ်းစားလျှင် ဆိုင်ရာကိစ္စကိုပြုလုပ်ဆောင်ရွက်ဖို့ရာမကြောက်မရွံ့ရဲဝံ့ခြင်းသဘောကိုတွေ့ရမည်ဖြစ်သည်။ထို့ကြောင့်"ရဲစွမ်းရောက်က၊၀ီရိယ"ဟုဆိုခဲ့ပေသည်။ဝီရိယနည်းသူကိုအပျင်းထူသူဟု ခေါ်ကြသည်။သူတို့သည် အလုပ်လုပ်ရမည့်အရေးကိုတွေး၍ကြောက်နေတက်သည်။ထိုသို့ပျင်းသောစိတ်သည် ကုသိုလ်စိတ်မဟုတ်။ထိနမိဒ္ဓလွန်ကဲသောအကုသိုလ်စိတ်ပင်ဖြစ်သည်။ဝီရိယရှိသူတို့မှာ အအေးအပူမဆိုထားနှင့်၊တကယ့်အရေးကိစ္စနှင့်ကြုံလာလျှင်အသက်ကိုပင်ပဓာနမထားဘဲ ရင်ဆိုင်တွေ့နေသောကိစ္စကိုပင်အားပါးတရပြုလုပ်ရဲလေသည်။မဟာဇနကဇာတ်တော်၌ ရွက်သင်္ဘောကြီးပျက်ခါနီးမှာကုန်သည်(၇၀၀)တို့သည်ဝီရိယကိုလျှော့၍ မိရိုးဖလာနတ်များကိုတိုင်တည်ပစသော်လည်းကယ်ဆယ်သူပေါ်မလာ၊ငါးလိပ်တို့အစာဖြစ်ရလေသည်။အလောင်းတော်ကား မည်သည့်နတ်ကိုမှအားကိုးမနေဘဲရဲစိတ်ရဲသွေးဝီရိယစိတ်ကိုအထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကိုလက်ပစ်ကူးကာဥပုလ်ကိုပင်စောင့်သုံးတော်မူခဲ့ပေသေးသည်။ဤသို့လျှင် ၀ီရိယသည်တွေ့ကြုံလာသောကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သောသဘောတည်း။မြတ်စွာဘုရားရှင်က "၀ါယမေထေ၀ ပုရီသော၊နနိဗိန္ဒေယျပဏ္ဌိတော"ယောက်ျားမှန်ကကြိုးစားသင့်စွာ၊ပညာရှိ မပျင်းမရိရာ"ဟုဟောတော်မူခဲ့ပါသည်။ထို့ကြောင့်"တို့သားအဖတစ်စုပြင်ထိုင်ကြဦးစို့"ဟူသကဲ့သို့ ငါတို့တစ်စုလည်းအပျင်းကိုပယ်ရှား၍၀ီရိယသမားဖြစ်အောင်ပြင်ကြဦးစို့။စဉ်းစားဥာဏ်ပါသောဝီရိယမျိုးဖြစ်အောင်ကြိုးစားကြပါစို့ဟုတိုက်တွန်းလိုက်ရပါသည်။
"၀ီရီယတော ကိံနာမန သိဇ္ဇျတိ =လုံးလ၀ီရိယရှိသူမှာ မပြီးနိုင်သောအရာမရှိ "

ဒါန၏တူသောအကျိုး


စွန့်ကြဲပေးကမ်းလှူဒါန်းသော အခါအလှူခံကို စားစေချင်၊ကောင်းကောင်းမွန်မွန်နေစချင်သော စေတနာသည်ဒါနတည်း။ထိုဒါနကြောင့် ဖြစ်လေရာဘ၀၌စားရ၊ ၀တ်ရ၊ကောင်းကောင်းမွန်မွန်နေရထိုရလောက်အောင် စည်းစိမ်ဥစ္စာနှင့်ပြည့်ုစုံသောဓနရှင်များ ဖြစ်လာရပေသည်။ သို့သော်လှူဒါန်းပေးကမ်းသည့်အခါတုန်းကအပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာစိတ်မချမ်းသာလျှင်) ထိုဒါနကြောင့်ရှိသောစည်းစိမ်ကို ခံစားလိုစိတ်မရှိဘဲဓနရှင်ဖြစ်ပါလျှက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့်နေရတက်လေသည်။ ဖြစ်စဉ်
ငါတို့ဘုရားမပွင့်မီ သာသနာပကာလ၌ သူကြွယ်တစ်ယောက်သည် အိမ်ပေါက်ဝ၌ဆွမ်းရပ်တော်မူလာသောပစ္စေကဗုဒ္ဓါအရှင်မြတ်အား "ဆွမ်းလောင်းကြပါ"ဟုပြောဆို၍ ကိစ္စတစ်ခုအတွက်နေရာမှထသွားပြီးနောက်"ဆွမ်းလောင်းခိုင်းမိတာမှားပေါ့၊ထိုထမင်းများကို အခိုင်းအစေများစားတာကပင်ကောင်းသေးရဲ့"ဟု တွေးကာနှလုံးမသာမယာနှင့်အပရစေတနာချို့တဲ့မိလေသည်။ ထိုသူကြွယ်သည် ဆွမ်းကိုလှူခိုင်းခဲ့သောကုသိုလ်ကြောင့် ငါတို့ဘုရားရှင်လက်ထက်တော်၌ သူဋ္ဌေးဖြစ်လာ၏။သို့ရာတွင် အပရစေတနာချို့တဲ့မူကြောင့်သူဋ္ဌေးနှင့်တူအော် နေချင်စိတ်မရှိ ပိုက်ဆန်လျှော်ချည်ဖြင့်ရက်သော အ၀တ်ကြမ်းကို ၃စပ်လောက်ဆက်စပ်ပြီးဝတ်လေ့ရှိ၏။ဆန်ကွဲထမင်းပုံးရည်ဟင်းကို စားသောက်လေ့ရှိ၏။ဤသို့ အနုံအမွဲ လူဆင်းရဲအနေမျိုးနေကာ မကြာခင်အသက်ဆုံး၍ စည်းစိမ်အားလုံးမင်းဏ္ဍာငွေဖြစ်ရလေသည်။
အကောင်းဆုံးကောက်ချက်ချလျှင် ထိုက်တန်အောင် ၀တ်လို့ စားလို့၊မိမိ၏ကလေးများအတွက်လည်း အမွေအနှစ်ထားလို့၊ ထိုက်တန်အောင်လည်းစွန့်ကြဲပေးကမ်းလို့ နေထိုင်ကြမှသာပစ္စည်း ဥစ္စာနှင့်ဆိုင်ရာဝယ်လောကသံသရာ၂ဖြာလုံးအကျိုးရှိအောင် နေတက်သူဟုဆိုရပေမည်။ထို့ကြောင့်ဒီပဲယင်းဆရာတော်ကြီးက "စားလည်းစားကြပါ၊မသေခင် စားဖို့နှင့်အမွေအနှစ်ပေးဖို့လည်း နောင်သံသရာ အတါက်ကုသိုလ်ပဒေသာပင်ကိုလည်း စိုက်ပျိုးကြပါ"ဟူသော တိုကတွန်းချက်ဖြင့်အောက်ပါလင်္ကာကို မိန့်ဆိုတော်မူသည်။
"စားသမျှ မစင်၊ထားသမှ မသေခင်၊
ပြုသမျှ ကုသိုလ်အပင်၊ယခုကာလ ဘ၀ကောင်းတွင်၊
စားလည်းစား၊ ထားလည်းထား၊
ပြုလည်းပြုကြမှ တော်မည်ထင်။"
အားလုံး ဒါနကုသိုလ်များအမြဲမပြတ် ပြုလုပ်နိုင်ကြပါစေ........

(=ကျေးဇူးတော်ရှင်ပထမ မစိုးရိမ် ဆရာတော်ဘုရားကြီး၏သြ၀ါဒ

ပုထုစဉ်ပီပီမကောင်းမှုမှပျော်တက်သောစိတ်ကိုကိုသိုလ်ကောင်းမှု၌ပျော်နိုင်စေရန်ရည်သန်၍ မစိုးရိမ်ဆရာတော်ကြီးက အောက်ပါသြ၀ါဒကိုပေးသနားတော်မှုခဲ့ပါသည်..ခိုင်းစေမှလုပ်တက်သူကို
ကျွန်မျိုးမှတ်၊အခါအခွင့်ကိုကြည့်ပြီးမိမိအလိုလိုလုပ်သင့်သမျှအလုပ်ကိုလုပ်တက်သောသူကို
သခင်မျိုးမှတ်၊လုပ်ငန်းအရပ်ရပ်၌သာရာစရာအသာဒနှင့်အပြစ်တင်စရာအာဒီန၀နှစ်မျိုးရှိတက်သည်။ အသင့်အတင့်နှလုံးသွင်းခြင်းတို့ဖြင့်ထိုနှစ်မျိုးလုံးကိုသည်းခံနိုင်အောင်ကျင့်ရမည်။မိမိကိုသူများချီးမြှောက်စေ
လိုလျှင်မိမိကအရင်ဦးအောင်သူများကိုချီးမြှောက်ပါလေ။မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ်တွင်လည်း..


"နောင်ရင်းညီရင်း ၊နွယ်မကင်းသား၊ သားရင်းမျိုးဖော်
အကျော်ထင်ရှား၊ ဆွေတော်များကို၊တရားမပျက်
မေတ္တာဆက်၍၊ မဖျက်ဆီးမှု၊ ချီးမြှောက်ပါလော
သူ့ကို့ချီးမြှောက်၊ကိုယ့်ဂုဏ်မြောက်၏၊
ယွင်းဖောက်အလို ၀န်မတိုနှင့်
သူ့ကိုဂုဏ်နှိမ့်ကိုယ့်ဂုဏ်နိမ့်၏" ဟုစပ်ဆိုထားပါသည်။

မိမိကိုသူတပါးက လေးစားလိုလျှင်မိမိကအလျင်ဦးအောင် သူတစ်ပါးကိုလေးစားပါလေ။ မိမိကိုသူများက ပူဇော်စေလိုလျှင် မိမိကအရင်ဦးအောင် သူများကိုပူဇော်ပါလေ။မိမိကိုသူတပါးက ရှိခိုးကျိုးနွံစေလိုလျှင် မိမိကအလျင်ဦးအောင် သူများကိုရှိခိုးကျိုးနွံပါလေ။ မိမိမကျေနပ်သောကာယကံဝစီကံများကို အခြားလူများကလည်း ကျေနပ်လိမ့်မည်မဟုတ်ဟု ကိုယ်ချင်းစာပါ။
အကောင်းကြိုက်လျှင် သူများထက်ပိုပြီးအပင်ပန်းခံရမည်ကို မကြောက်ပါနှင့်။ ဘုရားဝတ်တက်လိုစိတ်မရှိလျှင်
ပေ၍၀တ်တက်ဝတ်ကပ်ပြုပါ။ တံမြတ်လှည်းခြင်းစသော သေနာသန၀တ်များကိုပြုလုပ်လိုစိတ်မရှိလျှင် ပေ၍အဆိုပါဝတ်များကိုပြုပါ။စာအံ၊စာကျက်၊ စာကြည့်လိုစိတ်မရှိလျှင် ပေ၍စာအံ၊ စာကျက်၊စာကြည့်ကျင့်ကို ကျင့်ပါ။အချုပ်အားဖြင့် ကုသိုလ်ရေးရာအလုပ်ဟူသမျှကိုလုပ်လို စိတ်မရှိသော်လည်းပေ၍လုပ်ပါလေ။
(ကျေးဇူးတော်ရှင်ပထမ မစိုးရိမ် ဆရာတော်ဘုရားကြီး)

ကံ ၊ကံ၏အကျိုး



ဘုရားရှင် လက်ထက်တော်အခါက “သုဘ” လုလင်သည် လူချင်းတူပါလျက် တစ်ဦးနှင့်တစ်ဦး အကျိုးပေး ထူးခြားပုံကို မြင်သဖြင့် မရှင်းလင်းသည့်အတွက် မေးလျှောက်အပ်သော ပြဿနာ ၁၄ ချက်ကို ဘုရားရှင် ဖြေကြားသည့် အဖြေများကို မှတ်သားနာယူထိုက်တဲ့အတွက် တင်ပြလိုက်ပါတယ် ….
မေး။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍ အချို့ကအသက်ရှည်ပါသနည်း။
ဖြေ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် သတ္တ၀ါတို့ အပေါ်၌ သနားကြင်နာ ကရုဏာကင်းလျက် ရက်စက်ဆိုးဝါး သူများအသက်ကို သတ်ဖြတ်လေ့ရှိကြ၏ ။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏ ။ (ရှေးက ကုသိုလ်ကံ တစ်စုံတစ်ခု၏ ထောက်ပံ့မှုကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ကြာရှည်နေခွင့် မရ၊ အသက်တိုရလေသည် ။

ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် သတ္တ၀ါတို့ အပေါ်၌ သနားကြင်နာ ကရုဏာအားကြီးလျက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူမျိုး စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း အသက်ရှည်စွာ တည်နေရပေသည် ။
မေးအဘယ်ကြောင့် အချို့မှာ အနာရောဂါများ၍ အချို့မှာ အနာရောဂါ ကင်းရှင်းပါသနည်း။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် တစ်ပါးသော သတ္တ၀ါကို လက်ဖြင့်သောလည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်ဖြင့်သော်လည်းကောင်း ညှဉ်းဆဲလေ့ရှိကြ၏။ (သေအောင်ကား မသတ်) ထိုသူများ သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ ပြည်သို့ ရောက်လျှင် ရောဂါထူပြော အနာပေါလေသည် ။

ထိုကဲ့သို့ ညှဉ်းဆဲနှိပ်စက်လေ့ မရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏ ။နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းရှင်းရပေသည်။

မေးအဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍ အချို့မှာ အဆင်းလှပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် အလွန် ဒေါသကြီးကြ၏။ အနည်းငယ် စကားပြောစရာရှိလျှင် သူတစ်ပါးကို ထိပါးပုတ်ခတ်၍ ပြောလေ့ရှိကြ၏ ။ ထိုသူမျိုး သေလျှင်ဲငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ ပြည်သို့ ရောက်လျှင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည် ။

ထိုကဲ့သို့ ဒေါသမထွက်ပဲ စိတ်စက်ကြည်လင် အစဉ်အေးမြသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏ ။ နတ်ပြည်မရောက်ဘဲ လူ့ ပြည်သို့ ရောက်ရလျှင်လည်း ကြည်လင်လှပသော အဆင်းကို ရပေသည် ။

မေးအဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍ အချို့မှာ တန်ခိုးအာဏာ ကြီးမားပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် က္ကဿာအားကြီးကြ၏ ။ ထိုလူမျိုး သေလျှင် ငရဲသို့ ကျတတ်၏ ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ခြွေရံစိုးမိုး တန်းခိုးနည်းပါးလေသည် ။
ထိုကဲ့သို က္ကဿာမရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏ ။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း နာမည်ကျော်ကြား ခြွေရံများ၍ တန်ခိုးအာဏာ သြဇာကြီးမားလေသည် ။
မေးအဘယ်ကြောင့်အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ ။ မစ္ဆေရတရား အလွန်အားကြီးကြ၏ ။ ထိုလူမျိုး သေလျှင် ငရဲ၌ ဖြစ်တတ်၏ ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်လျှင် ဥစ္စာမဲ့မွဲ ဆင်းရဲရလေသည် ။
ထိုသို့ မစ္ဆေရမရှိဘဲ စွန့် ကြဲပေးကမ်း လှူဒါန်းလေ့ရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏ ။ နတ်ပြည်မရောက်ဘဲ လူ့ပြည် ရောက်ပြန်လျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပေသည်။ (မိမိ၌ရှိသော ပစ္စည်း၊ မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ် ဂုဏ်သိန်မျိုးကို သူတစ်ပါးရမှာ စိုးခြင်းကိုလည်းကောင်း “မစ္ဆေရ” ဟုခေါ်သည်။)
မေးအဘယ်ကြောင့် အချို့မှာ အမျိုးယုတ်၍ အချို့မှာ အမျိုးမြတ်ပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် အလွန်မာနကြီးကြ၏။(သူတစ်ပါးကို အထင်သေး၏၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၏။) ရိုသေလေးစားထိုက်သူကိုမျှ ရိုသေလေးစားရမှန်း မသိတတ်။ ထိုလူမျိုးသေလျှင် ငရဲသို့ ကျတတ်၏ ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်ရတတ်သည် ။

ထိုကဲ့သို့ မာန်မာန မကြီးပဲ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားလေ့ ရှိသူသည် နတ်ပြည်သို့ ရောက်ရတတ်၏ ။ နတ်ပြည်သို့ မရောက်လဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရရိုး ရှိသည် ။
မေး အဘယ်ကြောင့် အချို့မှာ အသိ အလိမ္မာ ဥာဏ်ပညာ နည်းပါး၍ အချို့မှာ ဥာဏ်ပညာ ကြီးမားပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် ပညာရှိအထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မိမိ မှီဝဲထိုက် မမှီဝဲထိုက်သောအရာ၊ နောင်သံသရာဝယ် ရှည်ကြာလေးမြင့် ဖွံဖွံဖြိုးဖြိုး အကျိုးပေးမည့် တရားအချက် တို့ကိုလည်းကောင်း မေးမြန်းလေ့ မရှိကြ ။ ထိုလူမျိုးသည် ထင်မိထင်ရာ ပြု၍ ဒုစရိုက်များဖြင့် သေလျှင် ငရဲသို့ သွားရတတ်၏ ။ ငရဲသို့မကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် အသိ လိမ္မာ ဥာဏ်ပညာကင်း လူဖျင်းလူအလူမိုက်ဖြစ်ရလေသည် ။

ထိုကဲ့သို့သော တရားအချက်ကို နှစ်သက်ကြည်ဖြူ နာယူမေးမြန်းလေ့ ရှိသူတို့ကား စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏ ။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိအလိမ္မာ ဥာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။

အထက်ပါအချက်များကို ကြည့်လျှင် ကံဆိုသည်မှာ ဘယ်သူမပြုမိမိမှုပင် ဖြစ်သည် ။အတိတ်ဘ၀ကံဆိုသည်မှာ ဖြစ်ပြီးသားဖြစ်သောကြောင့် ပြုပြင်၍ မရနိုင်တော့ပေ။ ယခုဘ၀တွင် ပြုလုပ်ခဲ့သောကံသည်လည်း နောင်ဘ၀တွင် အတိတ်ဘ၀ကံဆိုပြီးဖြစ်လာမှာပင်ဖြစ်သည်။ ဆိုတော့ …. ကံကောင်းချင်ရင်တော့ အခုကတည်းက ကောင်းမှုများကို လုပ်ဆောင်၍ ကြိုးစားအားထုတ်ကျပါ ။ ဒါဆိုနောင်ဘ၀တွေလည်း ကံကောင်းမှာသေချာပါတယ် ။ ဒါကြောင့် ရခဲလှသောလူ့ဘ၀တွင် သတိတရားနှင့် ကြိုးစားအားထုတ် ကံကောင်းနိုင်ကြပါစေ..

Wednesday 23 July 2008

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ

buddish term dictonary

၁။ ဖြစ်ပျက်သမျှ ၊ သင်္ခါရ ၊ ဒုက္ခ သစ္စာ မှတ်၊ ဖြစ်ပျက်မှုတွင် ၊ ငါကောင်ထင် ၊ ခင်မင်သမုဒယမှတ် ၊ ရုပ်နာမ် အားလုံး ၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ် ၊ ချုပ်ဆုံမှုတွင် ၊ ဉာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် ။
• ၂။ ယုံကြည်ကျမ်းမာ ၊ စိတ်ဖြောင့်စွာ ဖြင့် ၊ လွန်စွာ အားထုတ် ၊ နာမ် နှင့် ရုပ်ကို ၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း။
• ၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝီရိယလျှော့၊ အားအင်ပျော့ခါ ၊ လွန်စွာယူမှား ၊ဤငါးပါး ၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
• ၄ ။ သူတော် ဆည်းကပ်၊ မြတ်တရားနာ ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ ။
• ၅ ။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လို တော့ သည် ။


• ၁။ သစ္စာလေးပါး ဆိုတာ - သမုဒယသစ္စာ ၊ ဒုက္ခ သစ္စာ ၊ မဂ္ဂသစ္စာ ၊ နိရောဓသစ္စာ ။
• ၂။ ရခဲတဲ့ဘဝ လေး မှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့ ။
• ၃။ နားက တရားနာ ပါ ၊ ဉာဏ်က ခန္ဓာလှည့်ပါ ။
• ၄။ တရားနာတာသည် မိမိ အရေး ၊ တရားအားထုတ်တာ သည် မိမိအရေး ။
• ၅။ နားကြီးကြီးနဲ့ တရားနာပါ ။
• ၆။ ဝိပဿနာ အားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့ နေတာသည် ဉာဏ်ကမဦးဘဲ အသေက ဦးသွားရင် ကိုယ့် အတွက်နာမယ် ။
• ၇။ ဝိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့ ။
• ၈။ ပဋိစ္စ သမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး ။ မိမိခန္ဓာ ထဲမှာ ရှိတဲ့ တရား။
• ၉။ မိမိ ခန္ဓာ ထဲမှာ ရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် ကိုမိမိ ဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ ။
• ၁၀ ။ စာပဋိစ္စ သမုပ္ပါဒ် သိတာ သည် သညာသိ ၊ ခန္ဓာပဋိစ္စ သမုပ္ပါဒ် သိတာမှ ပညာသိ ။
• ၁၁။ သညာသိ နဲ့ နိဗ္ဗာန်မရောက်နိုင်ပါ ၊ ပညာသိမှ နိဗ္ဗာန် ရောက်နိုင်မယ် ။
• ၁၂။ ရှေ့ - နောက်ခွဲတတ်ပါစေ ။ မိမိ အရေး က ရှေ့ထား ၊ သားရေး သမီးရေး စီးပွါးရေး က နောက်ထား ။
• ၁၃။ ဘဝ ကူးကောင်းအောင် မလုပ်ပါနဲ့ ၊ ဘဝ ချုပ်ငြိမ်းအောင်လုပ်ပါ ။
• ၁၄။ဒါန က သံသရာ ရှည်တာလား ၊ ဒါန နောက်က အသိ မလိုက်လို့ သံသရာ ရှည်တာလား ။
• ၁၅။ ဒါန နောက်က အ သိ မလိုက်လို့ သံသရာ ရှည်တာပါ ။
• ၁၆။ သစ္စာ သိလျှင် ခန္ဓာရောင်းလှူပါ ၊ သစ္စာ မသိလျှင် သစ္စာ သိအောင် အလျင်လုပ်ဦး။
• ၁၇။ အိုရာက နာရာ မရောက်ခင် ဝိပဿနာလုပ်ပါ ။
• ၁၈။ အရှိ နဲ့ အသိ ကိုက်အောင် လုပ်တာ ဝိပဿနာ။
• ၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှု တာ ဝိပဿနာ ။
• ၂၀။ ရှေ့ နာမ်ကို နောက်ဉာဏ် နဲ့ ရှု တာ ဝိပဿနာ။
• ၂၁။ ရှေ့ အနေ ကို နောက်အနေ နဲ့ ရှုတာ ဝိပဿနာ။
• ၂၂။ အသေဖြစ်ပျက် ၊ အရှင်က မဂ် ၊ အပျက်နဲ့ မဂ် နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
• ၂၃။ ရှေ့ က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
• ၂၄။ အသေ ကို အရှင်ကကြည့် နေတာ ဝိပဿနာဖြစ်မည် ။
• ၂၅။ အသေ က ဖြစ်-ပျက်၊ အရှင် က မဂ်၊ အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ဝိပဿနာ။
• ၂၆။ သူများစိတ် အကဲမခတ်နှင့် ၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ် ကို ကိုယ် အကဲခတ်တာမှအမှန်ရမည် ။
• ၂၇။ အလုပ်ကြည့်ချင် ရင် ခန္ဓာ ကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ။
• ၂၈။ ကိုယ့်စိတ် ဖြစ်တာ ကိုယ်မ သိတာ အရုပ် အဆိုးဆုံး ။
• ၂၉။ ကိုယ့်စိတ် ဖြစ်တာကိုယ် အကဲ ခတ်နိုင်မှ ဝိပဿနာ ။
• ၃၀။ ခန္ဓာ ကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ် ။
• ၃၁။ ဘယ် ဗေဒင်မှ မယုံကြနဲ့ ၊ ခန္ဓာက သူ့လမ်း သူ ပြေးနေတော့ မနေ့ ကထက် ယနေ့ သေဖို့တရက်ပိုနီးသွားပြီ ဆိုတာ သာ ယုံလိုက်ပါ ။
• ၃၂။ ခန္ဓာ ၏ဝတ္တရား က အသေရှာတာ ၊ ဉာဏ်၏ ဝတ္တရား က အသေရှောင်တာ ။
• ၃၃။ ခန္ဓာ က အပြေးသွားနေတော့ သေ ကဦး၍ ဉာဏ် က နောက်ကျသွားလိမ့်မည်။
• ၃၄။ အပြေး မရပ်တဲ့ ခန္ဓာ ကိုယ်၊ သုဿန်မရောက် ခင် မဂ္ဂင် အလုပ် မြန်မြန်လုပ်ပါ ။
• ၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ် ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနည်း လိမ့်မယ် ။
• ၃၆။ သာသနာ နဲ့ ကြုံမှ သစ္စာ လေးပါး တက်မြောက်ရေး တရားပေါ်တယ် ။
• ၃၇။ ကိစ္စ ဟူသရွေ့ သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ ။
• ၃၈။ ဒကာ - ဒကာမ တွေဟာ တဏှာ( လောဘ) ခိုင်းတာ ကို ကျွန်သားပေါက် ပီပီ လုပ်နေကြတာပဲ ။
• ၃၉။ တဏှာကို အဖော်မလုပ်နဲ့ ၊ ဉာဏ်ကို အဖော်လုပ်ပါ ။
• ၄၀။ အလကား နေသရွေ့ အအားနေသရွေ့ အမှားချည်းသာ လို့ မှတ်ပါ ။
• ၄၁။ ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်း ဥစ္စာ တွေနဲ့ မသိ ပြုံး - ပြုံးနေသလောက်၊မသိပျော် ပျော် နေသလောက် နောင်သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မည် ။
• ၄၂။ ကိုယ့်ကိုကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုကိုယ်မသနား ရင် သားနဲ့ မယား - အလုပ်လုပ် ကြ ။
• ၄၃။ အသက်ကြီးလေလေ ကံမွဲ - ဉာဏ်မွဲ လေလေ မှတ် ၊ ကံမွဲတာ အရေးမကြီး ၊ ဉာဏ်မွဲရင်နိဗ္ဗာန် မရောက်။
• ၄၄။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန် ရမှာ ၊ ဉာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မည်။
• ၄၅။ နိဗ္ဗာန် သည် ကံ၏အကျိုး မဟုတ် ၊ ဉာဏ် ၏အကျိုး ဖြစ်တယ် ။
• ၄၆။ လူပြော - သူပြောတွေ မယုံနဲ့ ၊ မိမိခန္ဓာ က ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ ။
• ၄၇။ ခန္ဓာကြီး ရဲ့ စွမ်းရည် သတ္တိ ပင်ကို သဘော က ဖြစ်မှု - ပျက်မှု ပဲ ရှိတယ် ။
• ၄၈။ ဝိပဿနာ က ခန္ဓာမလို ချင်အောင် ရှုတာ ။
• ၄၉။ ဒါန သီလ သည် ကိလေသာရောဂါ သက်သာရုံ ရမယ် ၊ ဝိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မည်။
• ၅၀။ အလုပ် တရား ဆိုတာ ခန္ဓာ အရှိနဲ့ ဉာဏ်အသိ နဲ့ ကိုက်အောင် လုပ်တာ ။
• ၅၁။ ခန္ဓာ နဲ့ ငါ နဲ့ မရောပါနဲ့ ။
• ၅၂။ တရားနာ တယ် ဆိုတာ ဒီ အချိန်မှာ မတရားအလုပ်ကို မလုပ်တဲ့ အချိန်ပဲ ။
• ၅၃။ ကြားတဲ့ တရားနဲ့ သိတဲ့ တရား နှစ်ခု ထပ်ရင် သောတာပန် တည်နိုင်တယ် ။

Blogged with the Flock Browser

Tuesday 22 July 2008

တရားတော်များနာယူရန်

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်
burmese classic မှ

စိတ်ကိုဆုံးမပါ


  • အေ၇းမလှ တွေးသမျှ၊ ဆွေး၇တာလည်း ဒီစိတ်ပဲ။
  • တ၇ားမ၀င် အများပင်၊ မှားချင်တာလည်း ဒီစိတ်ပဲ။
  • နှလုံးမ၀င် မပြုံး၇ွှင်၊ မုန်းချင်တာလည်း ဒီစိတ်ပဲ။
  • မပြစ်မမြင် အနှစ်ထင်၊ ချစ်ခင်တာလည်း ဒီစိတ်ပဲ။
  • ကာမဂုဏ်တွင် အာရုံဝင်၊ ပျော်ရွှင်ချင်တာလည်း ဒီစိတ်ပဲ။
  • အကန်းအသွင် အ၇မ်းနှင်၊ ကြမ်းချင်တာလည်း ဒီစိတ်ပဲ။
  • အပြု အပြင် လူ့တစ်ခွင်၊ နုချင်တာလည်း ဒီစိတ်ပဲ။
  • သတိဥာဏ်ယှဉ် သမ္မဇဉ်၊ သိမြင်တာလည်း ဒီစိတ်ပဲ။
  • ဒါန သီလ သမထ၊ ပြုကြတာလည်း ဒီစိတ်ပဲ။
  • သာသနာကို မကြည်ညို၊ တွန့်တိုတာလည်း ဒီစိတ်ပဲ။
  • အနေမကျ ခြေမကျ၊ သေ၇တာလည်း ဒီစိတ်ပဲ။
  • ဘာဝနာ ၇ှပ်နာမ် အမြင်သန်၊ ကျင့်ကြံတာလည်း ဒီစိတ်ပဲ။
  • တစ်မဂ် တစ်ဖိုလ် ၇က်တိုတို၊ေ၇ာက်လိုတာလည်း ဒီစိတ်ပဲ။
  • တောင်ကလေးဆ၇ာတော်


ဒုစရိုက်/သုစရိုက်


ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တ၀ါများ)
(၂) ခိုး (တစ်ပါးသူပိုင်ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)

(ခ) ၀စီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသောစကားပြောခြင်း)

(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကိုသေကြေပျက်စီးစေလိုခြင်း)
(၃) မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း) ၁

ဒုစရိုက် (၁၀) ပါး ပွား (၄၀)
(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ၀မ်းမြောက် (၁၀) ပါး
သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(ခ) ၀စီကံ (၄) ပါး
(ဂ) မနောကံ (၃) ပါး

ဒုစရိုက် (၁၀) ပါးကိုရှောင်ကြဉ်ခြင်းသည်
သုစရိုက် (၁၀) ပါး ဖြစ်သည်။


သုစရိုက် (၁၀) ပါးလည်းပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ၀မ်းမြောက်


မှတ်ချက်
၎င်းဒုစရိုက်/သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေဟောနေရုံမျှဖြင့် အဓိပ္ပာယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝရှောင်ကြဉ်ကြပြီး သုစရိုက် ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်..နေရာ

Monday 21 July 2008

ဒါန၏အကျိုးကျေးဇူး

အလှူဒါနပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများမှာ ယခုဘ၀၌ ပင်လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊ သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ဂုဏ်သတင်းေးကျာ်ကြားခြင်း၊ ပရိသတ်အလယ်၌ ရဲရင့်ခြင်း စသောအကျိုးများကို ရရှိစေနိုင်ပါသည်..သေလွန်သောအခါ၌
သုကတိသို့ ရောက်နိုင်၏၊ ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသောအကျိုးကျေးဇူးများခံစားရ၏။ ထို့ပြင်…………

(၁) လှူဖွယ်ဝတ္တုသည် တရားသဖြင့်ရသောပစ္စဘ်း၊အပြစ်ကင်းစင်သောပစ္စည်းခြင်း
(၂) အလှူရှင်က စေတနာထက်သန်ခြင်း
(၃) အလှူခံပုဂ္ဂိုလ်က အာသဝေါကင်းသော ဘုရားရဟန္တာဖြစ်ခြင်း
(၄) အလှူခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထလာစဖြစ်ခြင်း
ဟူသော အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဒါနသည် မျက်မှောက်ဘ၀၌ပင် လက်ငင်း အကျိုးပေးနိုင်၏၊ထိုသိုမျက်မှောက်ဘ၀၌ လက်ငင်းအကျိုးပေးနိုင်သောကံကို ဒိဋ္ဌိဓမ္မဝေဒနီယကံဟုခေါ်ဆိုပါသည်.။
ထို့အပြင်လည်း………

(၁) လှူသူကသီလရှိခြင်း
(၂) အလှူခံပုဂ္ဂိုလ်ကလည်း သီလရှိသောပုဂ္ဂိုလ်ဖြစ်ခြင်း
(၃) လှူဖွယ်ပစ္စည်းက တရားသောပစ္စည်းဖြစ်ခြင်း
(၄) လှူသူက စေတနာသုံးတန်နှင့် ပြည့်စုံခြင်း
(၅) ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့်လှူခြင်း_
စသော အင်္ဂါ ငါးပါးနှင့် ညီညွတ်သော ဒါနသည် သံသရာတလျှောက်၌ ဘောကသမ္ပတ္တိနှင့် ပြည့်စုံခြင်းဟူသော အကျိုးကိုပေးနိုင်ပါသည်။။

မလှူကောင်းသောအလှူ(၁၀)မျိုး

၁။ မဇ္ဇဒါန -သေရည်သေရက်ကို လှူခြင်း
၂။ သမဇ္ဇဒါန -ဇာတ်ပွဲသဘင်ကို လှူခြင်း
၃။ က္ကတ္တိဒါန -မိန်းမကို လှူခြင်း
၎။ ဥသဘဒါန -နွားလားဥသဘကို လှူခြင်း
၅။ စိတ္တကမ္မဒါန -ကိလေသာထကြွစေနိုင်သော ပန်းချီရုပ်ပုံကိုလှူခြင်း
၆။ သတ္ထဒါန -လက်နက်ကိုလှူခြင်း
၇။ ၀ိသဒါန -အဆိပ်ကို လှူခြင်း
၈။ သင်္ခလိကဒါန -သံခြေကျင်းကို လှူခြင်း
၉။ ကုက္ကူဋသူကရဒါန - ကြက်ဝက်တို့ကို လှူခြင်း
၁၀။ ကူဋဒါန -ချိန်စဉ်းလဲ တောင်းစဉ်းလဲ များကိုလှူခြင်း
ဖော်ပြပါပစ္စည်း(၁၀)မျိုးကို လှူလျှင် ကုသိုလ်မရဘဲ အပယ်သို့ရောက်နိုင်ပါသဖြင့် သတိပြုဆင်ခြင်ပြီး လှူဒါန်းကြရန် ရေးသားလိုက်ရပါသည်။။

0 အကြံပြူရန် Published by ငြိမ်းအေးထွန်း on 12 June, 2008 ရေးသားသည့်အချိန် 15:21

ဒါနအမျိုးမျိုး

ကာလဒါန (၅)ပါး

၁။ အာဂန္တုကဒါန -ဧည့်သည် အာဂန္တုအားလှူခြင်း၊

၂။ ဂမိကဒါန -ခရီးသည်အားလှူခြင်း၊

၃၊ ဂီလာနဒါန - မကျန်းမာသူအားလှူခြင်း၊

၎။ ဒုဗ္ဘိက္ခဒါန - ငတ်မွတ်ခေါင်းပါးနေသောအခါ၌ လှူခြင်း၊

၅။ န၀သဿဒါန -ကောက်သစ်ပေါ်ချိန်၌လှူခြင်းတို့ ဖြစ်ပါသည်..

အလှူခံပုဂ္ဂိုလ်တို့အားလိုအပ်နေသော အချိန်တွင်လှူဒါန်းအပ်သောဤကာလဒါန ငါးပါးသည် အလွန်တရာ အကျိုးကြီးလှပေသည်။

ထာဝရဒါန ၆မျိုး..မှာ

(၁)အာရာမရောပနဒါန -ပန်းခြံ သစ်သီးခြံ စိုက်ပျိုးလှူခြင်း

(၂)၀နရောပနဒါန -သစ်ပင်များ စိုက်ပျိုးလှူခြင်း

(၃)သေတုကာရကဒါန -တံတားဆောက်၊ လမ်းဖောက်၍ လှူခြင်း

(၄)ပပါဒါန -ရေချမ်းစင်တည်၍ လှူခြင်း

(၅)ဥဒပါနဒါန -ရေတွင်းရေကန် တူး၍လှူခြင်း

(၆)ဥပဿယဒါန -ဇရပ်တန်ဆောင်း ဂူကျောင်းပြဿဒ် ဆေးရုံ ဆေးခန်းစသောအဆောက်အအုံးများ ဆောက်လုပ်၍ လှူခြင်း

ကာလရှည်မြင့်စွာတည်တံ့နိုင်သော အထက်ပါပစ္စည်းခြောက်မျိုးကို လှူဒါန်းခြင်းသည် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး သေလျှင်နတ်ပြည်သို့ ရောက်ရ၏...

(ထာဝရအလှူရှင်များဖြစ်နိုင်ကြပါစေ..............)

ကိုယ့်ဆိုးကွက်ကိုလည်း ကိုယ်ကြည့်ပါ

ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်လုပ်ရပ်ကို မလိမ်မညာစတမ်း
စစ်ဆေးကြည့်မယ်ဆိုရင် ကောင်းတဲ့ကိစ္စမှာ ကောင်းလိုက်ဆိုးတဲ့ကိစ္စမှာ ဆိုးလိုက်၊
ကောင်းတဲ့လူအပေါ်ကောင်းလိုက် ၊ဆိုးတဲ့သူအပေါ် ဆိုးလိုက်ဖြစ်နေတာကို
ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမှာပါ။တစ်ဖက်သား အပြစ်ထောက်ပြစရာ
တစ်ကွက်မှ မရှိလောက်အောင် ရာနူန်းပြည့်ကောင်းနေတဲ့လူရယ်လို့
တစ်ယောက်မှ မရှိပါဘူးကိုယ်ကိုတိုင် က ကိစ္စတိုင်း
ပုဂ္ဂိုလ်တိုင်းအပေါ်မှာ အမြဲတစေကောင်းနေတဲ့သူမဟုတ်ပါဘဲနဲ့
ကိုယ်သဘောမကျတဲ့ တစ်ဖက်သားရဲ့ဆိုးကွက်ကိုပဲ ရွေးကြည့်ပြီး
ဒီလူကတော့ လုံးဝမပတ်သက်သင့်ဘူးလို့ဒေါသမာန်မာနပွားနေတာကတော့
ကိုယ့်မှာတရားမရှိသေးဘူးဆိုတာထုတ်ဖော်ကြေညာနေသလိုပါပဲ။။။။။။။
(အရှင်ဆန္ဒဓိက)

0 အကြံပြူရန် Published by ငြိမ်းအေးထွန်း on ရေးသားသည့်အချိန် 14:36

အကြွေးငါးပါး
(၁)ဥစ္စာကြွေး
(၂)ချစ်ကြွေး
(၃)ရန်ကြွေး
(၄)နူတ်ကြွေး
(၅)၀ဋ္ဋ်ကြွေး

0 အကြံပြူရန် Published by ငြိမ်းအေးထွန်း on ရေးသားသည့်အချိန် 03:00

ဖြတ်ကျော်ခြင်း
လူဟုဆိုလျှင်၊ လူလိုပင်သာ၊
လူတွင်တွေ့ရိုးကြောင်းအကျိုးနှင့်၊
ကောင်းဆိုးနှစ်တန်လောကဓံကို၊ အမှန်တွေ့မြဲ၊ စိတ်ဝယ်စွဲ၍၊
ဝမ်းနည်းဝမ်းသာမများပါမှ။ (တစ်ဘ၀သံသရာ)
.........................................................................................................................................................................................................................................

ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာခိုက်မှာ မရုန်းချင်လှင့်
အရုံးနင့်ပြင် ရှိသေးလေလိမ့်လား။။
(လယ်တီဆရာတော်)
.......................................................................................................................................................................................................................................................

0 အကြံပြူရန် Published by ငြိမ်းအေးထွန်း on ရေးသားသည့်အချိန် 02:37

"သံဝေဂလင်္ကာ"
ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။
................................................................................................................................................................................................................