အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကားအရဟံ =ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရားပါတကား အရဟံ =ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရားပါတကား။

Friday 1 August 2008

အပါယ်ခံဘဝ


`အပါယ်ခံဘ၀´နှင့် `အပယ်ခံဘ၀´တို့ဟာ အသံထွက်အားဖြင့် တူကြပါတယ်။ အနက် အဓိပ္ပါယ်တော့ နဲနဲကွဲပြားပါတယ်။ ဆင်းရဲကြီးနှင့် ဆင်းရဲလေးလို့လဲ ပြောနိုင်ပါတယ်။ အပါယ်ခံဘ၀က ဆင်းရဲကြီး၊ အပယ်ခံဘ၀က ဆင်းရဲလေးပေါ့။ ယေဘုယျအဓိပ္ပါယ်ကတော့ ဆင်းရဲဒုက္ခ ခံရတဲ့ဘ၀လို့ ဆိုပါတယ်။ အပါယ်ခံဘ၀ဟာ အပယ်ခံဘ၀ထက် ပိုပြီးတော့ ဆင်းရဲဒုက္ခကို အဆုံးစွန်ခံရတဲ့ ဘ၀ပါ။ ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ ပြည့်နက်နေတဲ့၊ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားနေရတဲ့ဘ၀။
လူ့လောကမှာ အပယ်ခံရတယ်ဆိုရင် ဆင်းရဲဒုက္ခ မရောက်ဘူးလား။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေ ဖြစ်ရပါတယ်။ ဘယ်လို ပုဂ္ဂိုလ်တွေ အပယ်ခံဘ၀ရောက်ရသလဲဆိုရင် မကောင်းမှု ဒုစရိုက်တွေ ပြုမူနေတဲ့သူတွေ လူ့အသိုင်းအ၀ိုင်းက အပယ်ခံရပါတယ်။ မကောင်းတဲ့ ကိုယ်အမူအရာတွေ၊ မကောင်းတဲ့ ပြောဆိုမှုတွေ၊ မကောင်းတဲ့ ကြံစည် စိတ်ကူးမှုတွေနဲ့ ပြုမူ ပြောဆို ကြံစည်နေတဲ့သူတွေကို လောကသားတို့က ၀ိုင်းပယ် ထားတတ်ကြပါတယ်။ မိသားစုက ၀ိုင်းပယ်ခံရတတ်ပါတယ်။ နောက်ဆုံး ပြစ်မှု ထင်ရှားလာရင် အချုပ်အနှောင် ခံရခြင်း၊ အကျဉ်းထောင်မှာ စံမြန်းရခြင်းဆိုတဲ့ ဆိုးကျိုးတွေ ဖြစ်လာပါတယ်။ ပိုပြီးတော့ လူ့အသိုင်းအ၀ိုင်းက ကြဉ်ဖယ်ခြင်းကို ခံရပါတယ်။ လောကငရဲကို ရင်ဆိုင်နေရခြင်းပါပဲ။

အပါယ်ဆိုတာ


အပါယ်ခံဘ၀မှာ အပါယ်ဆိုတာက ဘာလဲဆိုတာ သိဖို့ လိုလာပါတယ်။ အပါယ်ဆိုတဲ့ စကားဟာ အပါယလို့ ခေါ်တဲ့ ပါဠိစကားမှ ဆင်းသက်လာတဲ့ ပါဠိသက်စကား ဖြစ်ပါတယ်။ (အပ = ကင်းတယ် + အယ = ချမ်းသာ၊ အပါယ = ချမ်းသာကင်းတယ်) ချမ်းသာ ကင်းတယ်ဆိုတော့ ဆင်းရဲဒုက္ခရောက်တယ်လို့ ပြောရမှာ ပေါ့။ ချမ်းသာ ကင်းတဲ့အရပ်၊ ချမ်းသာ ကင်းတဲ့ဘုံကို အပါယ်လို့ ခေါ်ပါတယ်။ လူချမ်းသာ, နတ်ချမ်းသာ, နိဗာန် ချမ်းသာဆိုတဲ့ ပြည့်စုံမှု (သမ္ပတ္တိ)သုံးမျိုးမှ ကင်းတဲ့အရပ်ကို ဆိုလိုပါတယ်။ ကုသိုလ်ကောင်းမှုတွေကို ပြုခွင့် များစွာ မရ၊ အကုသိုလ်တွေသာ များပြားလှတဲ့ ဘုံဌာနပါပဲ။ ဒီအပါယ်အရပ်သို့ မကောင်းမှု ဒုစရိုက်တွေကို ပြုလုပ်သူတွေ ရောက်တတ်ပါတယ်။ အပါယ်ကျမှာတော့ လူတိုင်း ကြောက်ကြတယ်၊ စိုးရိမ်ကြတယ်။ ဘာလို့လဲ။ ဆင်းရဲတာကိုး။ ဆင်းရဲဒုက္ခ ရောက်မှာ၊ အပါယ်ကျမှာကို ကြောက်ရင် မကောင်းမှု ဒုစရိုက်တွေကို မပြုလုပ်မိ အောင် သတိပြုရမှာ ဖြစ်ပါတယ်။


မကောင်းတဲ့ အကုသိုလ်တရားတွေ၊ သားရေး သမီးရေး စီးပွားရေး ကြီးပွားရေးတွေမှာ အချိန်ကုန်ပြီး မေ့လျော့နေသူများ၊ ကုသိုလ်ကောင်းမှု ပြုဖို မေ့နေကြသူများအတွက် အပါယ်လေးဘုံဟာ မိမိတို့ရဲ့ ကိုယ်ပိုင် အိမ်ကြီးနဲ့ တူတယ်လို့ မြတ်စွာဘုရား မိန့်ကြားထားတာ ရှိပါတယ်။

ပမတ္တဿ ဟိ စတ္တာရော အပါယာ သကဃရသဒိသာ-တဲ့။ (ဓမ္မပဒ ဋ္ဌ၊ ၁၊ ၁၆၆)

ပမတ္တဿ ဟိ = ဘုရား တရား သံဃာ - ရတနားသုံးပါး၊ ဆရာမိဘဆိုတဲ့ အဖော်ကောင်းကို ရှောင်၊ ကုသိုလ် အဖော်ကောင်းကို ရှောင်ပြီးတော့ အဖော်ယုတ်နဲ့တူတဲ့ သားရေး သမီးရေး စီးပွားရေး ကြီးပွားရေး အကုသိုလ် အရေးတွေနဲ့ အချိန်ကုန် မေ့လျော့နေတဲ့သူအတွက်၊ စတ္တာရော အပါယာ = ငရဲ တိရိစ္ဆာန် ပြိတ္တာ အသုရကာယ်လို့ ခေါ်တဲ့ အပါယ်လေးဘုံတို့ဟာ၊ သကဃရသဒိသာ = မိမိတို့ရဲ့ ကိုယ်ပိုင်အိမ်ကြီးများနဲ့တူတယ် လို့ ဟောတော်မူထားပါတယ်။

No comments: